မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်လေးတွေ
မီးဖွားပြီးချိန်မှာ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝစေဖို့အတွက် အတော်လေး ကြိုးစားရပါတယ်။ ဒီလို မီးဖွားပြီးချိန်မှာ ကျန်းမာစေမယ့် အလေ့အထလေတွေကို လိုက်နာမှ ကြွက်သားတွေ သန်မာပြီး ရင်သွေးလေးကို မွေးဖွားထားတဲ့ ခန္ဓာကိုယ်က ပင်ပန်းမှုတွေကိုရော စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုပါ ပြေလျော့စေမှာပါ။
မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကဘာတွေဖြစ်မလဲဆိုတာကို စာလေးဆုံးအောင်ဖတ်ရင်း လေ့လာလိုက်တော့နော်။
မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်လေးတွေက ဘာတွေများဖြစ်မလဲ?
မီးဖွားပြီးတဲ့ မိခင်ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်လေးတွေက မခက်ခဲသလို အရမ်းလည်း မများပါဘူး။ ဘာတွေလိုက်နာရမလဲဆိုတာကို ဆက်ကြည့်လိုက်တော့နော်။
ရေများများ သောက်ပေးပါ
ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေဓာတ်က ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသလို ရောဂါပိုးတွေ ကူးစက်မှုကနေလည်း ကာကွယ်ပေးပါတယ်။ အစာခြေပေးဖို့ ကြွက်သားတွေကျန်းမာစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့အပြင် အခြားခြားသော လုပ်ငန်းဆောင်တာတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။
မွေးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ရော ရင်သွေးလေးကို မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ကျွေးဖို့အတွက်ပါ ရေကို များများ သောက်ဖို့ လိုပါမယ်။
ပရိုတင်း ကြွယ်ဝအောင် စားပါ
မွေးဖွားပြီးချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အလိုအပ်ဆုံး အာဟာရဓာတ်က ပရိုတင်းဓာတ်ပါ။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ကို အနာကျက်စေနိုင်သလို မိခင်နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်တဲ့။ ဒါကြောင့် မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့အတွက် နေ့စဉ် စားသောက်မှုထဲမှာ ပရိုတင်း ရစေနိုင်တဲ့ အဆီမပါတဲ့ အနီရောင် အသား၊ အရေခွံမပါတဲ့ ကြက်သား၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးလို့ ရပါတယ်။
အိပ်ရေးဝဝ အိပ်ပါ
အိပ်ရေးဝဖို့က မီးဖွားပြီးချိန်မှာ ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ကြွက်သားတွေက အနာကျက်စေဖို့ လုပ်ဆောင်နေချိန်မှာ အိပ်ရေးဝဝ အိပ်တာက အနာကျက်စေဖို့ရော ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိအောင် ဂရုစိုက်ပေးပါ။
စိတ်ဖိစီးမှုကို ဖြေလျော့ပါ
ကလေးမွေးဖွားပြီးချိန်မှာ ကျန်းမာစေဖို့အတွက် စိတ်ဖိစီးမှု ကင်းစေဖို့ အရေးပါပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အရာတစ်ခုပေါ့။ ဒါကြောင့် ကလေးမွေးဖွားပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင် စိတ်ဖိစီးမှုတွေကို ဖြေလျော့ထားပါ။
အပျက်သဘောဆောင်တာတွေကို မတွေးတာအပြင် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ ယောဂလေ့ကျင့်တာ၊ မိသားစုဝင်တွေကို ရင်ဖွင့်တာ၊ ဝါသနာပါရာ တစ်ခုခုကို လုပ်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကြွက်သားတွေကို သန်မာစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဒီလို လေ့ကျင့်ခန်း လုပ်တာက မီးဖွားပြီးချိန်မှာ နာကျင်မှုကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုး မဟုတ်ဘဲ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးတာက နည်းလမ်းကောင်းပါ။
တင်ပဆုံ ကျန်းမာရေးကို ဂရုစိုက်ပေးပါ
မီးဖွားပြီးချိန်မှာ တင်ပဆုံ နာကျင်တာ၊ ဆီးဝမ်း မနိုင်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက မီးဖွားပြီးချိန်မှာ အဖြစ်များတဲ့ တင်ပဆုံ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဒါကြောင့် မီးဖွားပြီးချိန်မှာ တင်ပဆုံ ကျန်းမာရေးကို မေ့မထားပါနဲ့။
ဒီအချက်လေးတွေကို လိုက်နာပြီး ကလေးမွေးဖွားပြီးကာလတွေကို ကျန်းမာစွာ ဖြတ်သန်းနိုင်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
မွန်မွန်